အခြားသူများအား
စိုးမိုးအုပ်ချုပ်မည့်သူသည်
မိမိကိုယ် မိမိ စိုးမိုးနိုင်သူ ဦးစွာ ဖြစ်သင့်သည် ။
မက်ဆင်ဂျာ
လူတစ်ဦးက သူ့အပေါင်းအသင်းအား မေး၏ ။
“ ခင်ဗျား ရန်မဖြစ်အောင် ဘယ်လို ရှောင်သလဲဗျာ ”
ထိုအခါ အပေါင်းအသင်းဖြစ်သူက ပြန်ဖြေသည် ။
“ အိုး . . လွယ်လွယ်လေးပါဗျာ လူတစ်ယောက်ကကျွန်တော် အပေါ် စိတ်ဆိုးနေပြီဆိုရင်သူ့ဘာသာသူတစ်ယောက်တည်းရန်ဖြစ်ခိုင်းလိုက် တာပဲ ”
လောကတွင် ပြုပြင်စရာမလိုလောက်အောင် ၊ ထိန်းချုပ်ဖို့ မလိုလောက်အောင် ကောင်းနေသော ပင်ကိုစိတ်ထားမျိုး ဘယ်သူ့ထံတွင်မျှ မရှိပါ ။ အဆိုပါစိတ်ထားမျိုးကို ကြပ်ကြပ်မတ်မတ် ပြုပြင်ပေးလျှင် နှစ်လိုဖွယ်ကောင်းသောစိတ်ထားမျိုး ဖြစ်လာနိုင်ပါသည် ။
٭ ٭ ٭
နိုင်ငံရေးပါတီတစ်ခုက အမတ်လောင်းတစ်ဦးအား နိုင်ငံရေး အရ အောင်မြင်ရေးနှင့် လူထုထောက်ခံမဲများ ရရေး အတွက် သမ္ဘာရင့် နိုင်ငံရေးသမားကြီး တစ်ဦးထံတွင် လေ့လာဆည်းပူးဖို့ စေလွှတ်လိုက်၏ ။
နိုင်ငံရေးသမားကြီးက သူ့စည်းကမ်းချက်များကို ပြောပြသည် ။ “ ကျုပ်ရဲ့လမ်းညွှန်ချက်တွေကို တစ်ကြိမ်ဖောက်ဖျက်တိုင်း ငါးဒေါ်လာ ဒဏ်တပ်ခံရမယ် ” ဟုလည်း ပြောသည် ။
“ ကောင်းပါပြီ ” ဟု အမတ်လောင်းက သဘောတူသည် ။
“ ဘယ်တော့ အကောင်းအထည်ဖော်မလဲ ”
“ ခုချက်ချင်းပဲပေါ့ ”
“ ဟုတ်ပြီ ၊ မောင်ရင် ပထမဆုံး မှတ်ထားရမယ့် သင်ခန်းစာက မောင့်ရင့်အကြောင်း မကောင်းပြောတာမှန်သမျှကို စိတ်မဆိုးရဘူး ။ ကိုယ့်စိတ် ကိုယ် အချိန်ပြည့်ထိန်းထားပါ ”
“ အိုး . . . ၊ အဲဒါလောက်တော့ ကျွန်တော် လုပ်နိုင်ပါတယ် ။ လူတွေက ကျွန်တော့်အကြောင်း ဘာတွေပဲ ပြောပြော ၊ ကျွန်တော့ ခံနိုင်တယ် ။ သူတို့ပြောတာတွေကို လုံးဝ ဂရုမစိုက်ဘူး ”
“ ကောင်းတာပေါ့ ။ အဲဒါဟာ ကျုပ်သင်ပေးမယ့် အချက်တွေထဲက တစ်ချက်ပဲ ။ ဒါပေမဲ့ ပြောသာ ပြောနေရတယ် ။ ကျုပ် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မောင်ရင့်လို မူမရှိ ၀ါဒမရှိ သကောင့်သားတစ်ယောက် အရွေးခံရမှာကို ကျုပ် မလိုလားဘူး ”
“ ဒီမယ် လူကြီးမင်း ၊ ခင်ဗျားကြီးဘာသဘောနှင့် . . . ”
“ ကျေးဇူးပြုပြီး ငါးဒေါ်လာ ပေးပါ ”
“ သြော် ၊ အင်း ၊ ဒါ သင်ခန်းစာပေါ့နော် ”
“ ဟုတ်ပါ့ဗျား ။ ဒါ သင်ခန်းစာပဲပေါ့ ။ ဒါပေမယ့် ကျုပ်ကတော့ အရှိကို အရှိအတိုင်း တကယ့်ပြောလိုက်တာပဲ ”
“ ဒါ သက်သက်မဲ့ စော်ကား . . . ”
“ ကျေးဇူးပြုပြီး ငါးဒေါလာပေးပါ ”
“ သြော် ၊ အဲ ၊ နောက်ထပ် သင်ခန်းစာပေါ့ ။ ဟာ ၊ ခဏလေးအတွင်း ဆယ်ဒေါ်လာ ဖြစ်သွားပါပေါ့လား ”
“ ဟုတ်တယ် ။ ဆယ်ဒေါ်လာ ။ ဒီငွေကို ကျုပ်တို့ စကားပြောနေတုန်းပဲ ပေးတာပါ ။ ခုလိုပေးရတာဟာမောင်ရင် ရပ်ကွက်ထဲမှာ ကြွေးတင်နေလို့ ပေးဆပ်နေရတယ်လို့ နာမည်ဆိုးထွက်တာထက်တော့ တော်ပါသေးတယ်လေ ”
“ ခင်ဗျားကြီး မဟုတ်မတရား . . . .”
“ ငါးဒေါ်လာ ပေးပါဦး ”
“ ဟာ ၊ နောက်ထပ် သင်ခန်းစာပါလား ။ အင်း ၊ ကျွန်တော် ကိုယ့်စိတ်ကိုယ် ထိန်းထားမှ တန်ကာကျတော့မယ် ”
“ အင်း ၊ ကျုပ်ပြောခဲ့တာတွေကို ကျုပ်ပြန်ရုတ်သိမ်းပါတယ်ကွယ် ။ ကျုပ် တကယ် စိတ်ပါလို့ ပြောခဲ့တာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မောင်ရင်ဟာ အတော်လေးစား စရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးပဲ ။ ပြောကြစတမ်းဆိုရင် မောင်ရင်က အောက်တန်းကျတဲ့မိသားစုက ပေါက်ဖွားလာတာ ။ မောင်ရင့်အဖေကလည်း နာမည်ဆိုးထွက်နေတဲ့လူ ”
“ ခင်ဗျားကြီး တော်တော်ကောက်ကျစ်တဲ့ လူယုတ်မာကြီးပဲ”
“ ငါးဒေါ်လာ ပေးပါဦးကွယ် ”
ဤကား ကိုယ့်စိတ်ကို ထိန်းချုပ်ခြင်းအတွက် ပထမဦးဆုံးသော သင်ခန်းစာဖြစ်၏ ။ ထိုသို့ မထိန်းချုပ်နိုင်သဖြင့် အမတ်လောင်းသည် တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ရ၏ ။
“ ဒီတော့ ငါးဒေါ်လာတန် ငွေစက္ကူတစ်ရွက်အစား မဲတစ်မဲ ဆုံးတယ်လို့ မောင်ရင် စိတ်ထဲမှာ စွဲမှတ်ထားပါ ။ စော်ကားမှုတစ်ခုကို မောင်ရင် စိတ်ဆိုးတိုင်း ၊ ဒါမှမဟုတ် မခံချည့်မခံသာဖြစ်တိုင်း မောင်ရင် မဲတွေ ဆုံးနေပြီသာမှတ် ။ နောက်ပြီး မောင့်ရင်အတွက် အဲဒီမဲတွေဟာ ငွေစက္ကူတွေထက် တန်ဖိုးရှိတယ်လေ ”
( မြတ်ငြိမ်း )
THE SECRET OF ACHIEVEMENT
No comments:
Post a Comment